Print

လိင်ဆန္ဒ လျော့နည်းခြင်း

  18-May-2017
Preview Image

လိင်ဆန္ဒလျော့နည်းခြင်းဟာ အမျိုးသား၊ အမျိုးသမီးဖြစ်တတ်ကြတာ မှန်ပေမယ့်  အမျိးသမီးတွေမှာ ပိုပြီးဖြစ်တတ်ကြပါတယ်။ လိင်ဆက်ဆံမှုနှင့်ပတ်သက်၍ ဖြစ်တတ်တဲ့ ပြဿနာများထဲမှာ စိတ်ဆန္ဒလျော့နည်းတာ အများဆုံးဖြစ်တတ်ကြပါတယ်။ အမျိုးသားဟော်မုန်းတက်စတိုစတီရုန်း Testosterone ဆိုတာက အမျိုးသားတွေမှာသာ ရှိတာမဟုတ်ဘူး။ အမျိုးသမီးတွေမှာလည်း မူလသဘာဝကတည်းက ရှိပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ပမာဏအလွန်နည်းတယ်။ မမျိုးဥအိမ်က ထွက်တယ်။ ကျောက်ကပ်အပေါ်မှာ ကပ်လျက်ရှိတဲ့ ပြွန်မဲ့ဂလင်း (အက်ဒွီနယ်ဂလင်း Adrenal Gland) ကလည်း ထွက်တယ်။ 


 ဆန္ဒလျော့နည်းမှုဟာ ရုပ်ခန္ဓာကိုယ်ရဲ့ ပြဿနာဝေဒနာကြောင့် ဖြစ်နိုင်တယ်။ နောက်ပြီး စိတ်ပိုင်းဆိုင်ရာကြောင့်လည်း ဖြစ်နို်င်တယ်။ အမျိုးသမီးတစ်ယောက်က ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည်နဲ့ ကုထားဖူးတယ်။ သားအိမ် ဒါမှမဟုတ် မမျိုးဥအိမ်ရောဂါကြောင့် ခွဲစိတ်ဖူးတယ်ဆိုရင် ဆန္ဒလျော့နည်းသွားတတ်တယ်။ ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုကြောင့်လည်း ဆန္ဒလျော့နည်းနိုင်ပါတယ်။ မီးယပ်သွေးပေါ်ခါနီးချိန်၊ သားသမီးမွေးဖွားပြီးအချိန်၊ မီးယပ်သွေးဆုံးချိန် စတာတွေများလည်း ဆန္ဒလျော့နည်းနေတတ်သည်။


 တချို့ဆေးဝါးများဟာလည်း လိင်ဆက်ဆံလိုမှုကို အဟန့်အတားဖြစ်စေတယ်။ စိတ်ကျန်းမာရေးနှင့်ဆိုင်တဲ့ ဆေးတွေပါ။ ဥပမာ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ မူးယစ်ဆေးတွေဟာ စိတ်ဆန္ဒလျော့သွားစေတတ်တယ်။ အီစထရိုဂျင်ဆန့်ကျင်တဲ့ဆေးတွေ၊ အီစထရိုဂျင်ဆိုတာက အမျိုးသမီး လိင်ဟော်မုန်းပါ။ ဥပမာ Tamoxifen ဆေး၊ သန္ဓေတားဆေးတချို့ကလည်း လိင်ဆန္ဒလျော့နည်းစေတယ်။


 ဆက်ဆံစဉ်နာကျင်မှုကလည်း သားမွေးလမ်းကြောင်းကြွက်သားတွေ ကျုံ့ညစ်မှုကြောင့် ဖြစ်တတ်တယ်။ အဲဒီလို သားမွေးလမ်းကြောင်း ခြောက်သွေ့တာ၊ ကျုံ့ညစ်တာတွေကလည်း ရုပ်ဝေဒနာတွေက ဖြစ်တတ်သလို စိတ်ကြောင့်လည်း ဖြစ်တတ်တယ်။ လိင်ဆက်ဆံရမှာကို ကြောက်လန့်နေခြင်းကပဲ ကြွက်သားတွေ ကျုံ့ညစ်မှုဖြစ်စေပြီး နာကျင်မှုခံစားရတတ်စေသည်။

 

 ဘဝရဲ့အချိန်ဇယားပြောင်းလဲမှုလို့ပဲ ဆိုရမှာပေါ့။ ဥပမာပေါ့ဗျာ။ အပျိုဘဝတုန်းက ကိုယ့်ကိုယ်ကိုယ်တသသနှင့် အလှအပဂရုစိုက်တတ်တဲ့ အမျိုးသမီးတစ်ဦးဟာ အိမ်ထောင်ကျသွားပြီး ဖြစ်သလိုနေသွားတာမျိုးပေါ့။ သားသမီးမွေးပြီးတချို့ဆိုပိုပြီး ဂရုမစိုက်တော့ဘူး။ အဲဒီလိုပဲ စိတ်ဆန္ဒအပိုင်းမှာလည်း လျော့သွားတာတွေ့ရတယ်။


 သားသမီးမွေးဖွားပြီး နောက်လိင်ဆန္ဒလျော့သွားတတ်တာဟာ အဓိကစိတ်နဲ့ဆိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ စိတ်ကျဝေဒနာ ဖိစီးမှုများလွန်းတာ၊ ပူပင်သောကတွေ လွန်ကဲတာ ဒါတွေကြောင့် စိတ်ဆန္ဒနည်းသွားတာလည်းဖြစ်နိုင်တယ်။ ကုသမှုအပိုင်းကတော့ ဇာစ်မြစ်ကို ဖယ်ရှားဖို့နဲ့ နှစ်သိမ့်ဆွေးနွေး အကြံပေးမှုဟာ အရေးကြီးတယ်။ ကျွမ်းကျင်သူများနဲ့ တိုင်ပင်သင့်တယ်။ တခြားနိုင်ငံတွေမှာတော့ Sex Therapist ဆိုတာမျိုးတွေရှိတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ ဆရာဝန်တွေ အထူးသဖြင့် စိတ်ကျန်းမာရေး ဆရာဝန်တွေ၊ စိတ်ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။


Credit:

ဒေါက်တာအေးကျော်

(ဇီဝကမ္မဗေဒ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18